Tuesday 26 July 2011

ဗမာပြည်၌ ကိုလိုနီထူထောင်ရန်အကြံ

“ပြဿနာကားအခြားမဟုတ်။ အင်္ဂလိပ်နယ်ချဲ့နေရှင်တို့၏ သွေးစုတ်ဒါဏ်ကို ဝေးလံလှသော ကမ္ဘာသူ၊
 ကမ္ဘာသားတို့သာ ခံရသည်မဟုတ်ဘဲ ထိုစဉ်ကပင် တန်ပြန်သဘောမျိုးဖြင့် အင်္ဂလန်နိုင်ငံတွင်ပင်
 ခံကြရသည်။ 

အင်္ဂလန်၌ အလုပ်တန်ခိုးကြီးမားလှသော ၎င်းအစိုးရတို့သည်ပင် ထိုမျှသော သူတို့ကို
အလုပ်မပေးနိုင်ဖြစ်နေသည်။

သို့ဖြင့် ထိုသူတို့ကို ကိုလိုနီလက်အောက် တိုင်းပြည်များသို့
စေလွတ်နေရာချထားပေးပြီးလျှင် သင့်တော်ရာ လုပ်ငန်းဆောင်တာတို့ကို ဖွင့်ပေးဖို့စိမံကိန်းကို
ဘိလပ်အစိုးရနှင့် အိန္ဒိယ အစိုးရတို့က တိတ်တဆိတ်ကျိတ်၍ တိုင်ပင်ကြရာ ရာသီဥတုရေမြေအားဖြင့်
အသင့်တော်ဆုံး နေရာဌါနကို ရွေးချယ်ကြ၏။ 

ထိုအချန်တွင် အိန္ဒိယတွင် အိန္ဒိယ ဘုရင်ခံချုပ်ကြီး
လော့ချင်စဖို့စ် မြန်မာပြည်သို့လာရာ မြစ်ကြီးနားနယ်၊ ဗန်းမော်စီရင်စုသို့သွားကြည့်ပြီး ထိုအင်္ဂလိပ်
အလုပ်လက်မဲ့တို့ကို ထိုနယ်၌ နေရာချထားရန်စီစဉ်၏။

ထိုအရေးကိစ္စကို ဆရာတော်ဦးဥတ္တမက ထုတ်ဖော်ပြီးပြောလေရာ ဗမာပြည်အစိုးရက မဟုတ်ပါဟူ၍
ပြန်လည်ဖြေဆိုသည်။ 

သို့သော်အင်္ဂလိပ်အစိုးရသည် မဟုတ်ပါဟု ဖြေဆိုပြီးသည့်နောက်တွင်
ဟုတ်နေသည်များကို အများက တွေ့နေကြသဖြင့် မယုံကြည်ရသေးကြောင်းကို
အောက်ပါအတိုင်းဆရာတော်က ထပ်မံပြောဆိုပြည်သည်။

“ဦးပဉ္ဖင်းတို့ တိုင်းပြည်၌ ဦးပဉ္ဖင်းတို့သည် ရေထမ်းထင်းခုတ်အဖြစ်ဖြင့်သာနေရန် အကြောင်းရှိပေတော့၏။ 

ဤသတင်းကို အစိုးရသတင်းဌာနက မဟုတ်ကြောင်းနှင့် ကန့်ကွက်၏။ 

 ဦးပဉ္ဖင်းက အစိုးရ၏ကန့် ကွက်ငြင်းဆိုမှုကို စိတ်သဘောရိုးဖြင့် ပြုပေသည်ဟု မျှော်လင့်ပါ၏။ 

သို့သော်လည်း ဤကဲ့သို့ကန့်ကွက်ချက်များသည် အများအားဖြင့် ဖြန်ပြောဆိုနည်းများဖြစ်ကြ၍ ဦးပဉ္ဖင်းမှာ စိုးရိမ်မက်ုးရှိ၏။

ထိုကဲ့သို့ ပြောဆိုသောစကားမျိုးကို အဖန်တလဲလဲတွေ့ ကြုံရသည်ဖြစ်၍ ဦးပဉ္ဖင်းမှာ စိုးရိမ်မကင်းရို၏ 
ထိုကဲ့သို့ ဖြန်ဖြေပြောဆိုသောစကားများကို ဦးပဉ္ဖင်း အလွန်တရာမှကြောက်ရွံ့၍ 
ဤကဲ့သို့ပြောဆိုသောစကားမျိုးတွင် ဦးပဉ္ဖင်းတို့အား အုပ်စိုးလွမ်းမိုးနေကြသော သူတို့သည်မည်ကဲ့သို့ 
တတ်မြောက်သည်ကိုလည်း ပရိသတ်များ သိပြီးဖြစ်လေ၏။

သူတို့၏နိုင်ငံ၌ ဤကဲ့သို့ ဖြန်ဖြေလိမ်လည်ပြောဆိုခြင်းသည် အတတ်တပါးအပါဝင်ဖြစ်ရကား သူတို့သည်လူတထူးကို ၎င်းနည်းအတိုင်း လိမ်ခည်လှည့်ဖြားရာ၌ အရှက်အကြောက်မရှိကြချေ။ 

သူတို့သည် မနေ့ကဖြစ်ပွားနေသော သတင်းများကို မမှန်မကန်ဟူ၍ ယနေ့ပြောကြ၏။ နောက်တနေ့၌ထိုစကားသည် မလွဲဘဲ မှန်ကန်သောအခြင်းအရာကို ရောက်လာလေသည်။

ကမ္ဘာရာဇဝင်ကို ဆောင်ပြခြင်း

ဤသည်ပင်လျှင် သူတို့၏ကျင့်ကြံသော နည်းကြီးတခုဖြစ်လေသည်။

မြန်မာသတင်းစာတို့က 
ကြော်ငြာသည့်အတိုင်း ဥရောပတိုက်သားတို့ကို မိုးကုတ်နယ်၌ နေရာချထားမည်ဆိုသော 
သတင်းစကားသည်ထပ်တူထပ်မျှ မမှန်သော်လည်း အကြောင်းတခုကား ရှင်းလင်းစွာထင်၏။ 

အိန္ဒိယပြည်ဘုရင်ချုံပ်ကြီးလော့ချင်စဖို့စ်သည် မိုးကုတ်နယ်သို့ 
အလည်နေရာထိုင်ခင်းပေးခဲ့သည်မမှန်ပါလော။

ယခုအခါ တခုမျှဖြစ်မည် မဟုတ်သော်လည်း 
နောင်အခါဖြစ်လာမည်ကို တွေးတော၍ ဦးပဉ္ဖင်းတို့မှာ အလွန်တရာကြောက်ရ၏။ 

သြစတြေးချ 
လူမျိုးများတို့ကို တိရိစ္ဆာန်များသဖွယ် သူတို့နေသောနေရာမှ ဥရောပတိုက်သားတို့နေရန် 
နေရာချထားမည့်အတွက်ရိုက်နှက်မောင်းမဲညှင်းဆဲသည်ကိုလည်းကောင်း၊ နယူးဇီလန်ကျွန်း၌ 
နေထိုင်ကြသော မအိုရီလူမျိုးတို့ကို သူတို့နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးလျက်ရှိသောနေရာမှ 
ထွက်သွားတိမ်းရှောင်နေရခြင်းသည်လည်းကောင်း၊ အမေရိကတိုက်၌ ရက်အင်းဒီးယန်းဟုဆိုသော 
ကုလားနီလူမျိုးတို့ကို ဥရောပတိုက်သားများ၏လက်ထဲ၌ ဆိုးဝါးသော ကံတရားတို့ 
ရောက်ရခြင်းသည်လည်းကောင်း၊ ထိုသူတို့အားသတ်ဖြတ်ခြင်း၊ အနာရောဂါကျရောက်စေခြင်း၊ 
သေကြေပျက်စီးခြင်းတို့သည်လည်းကောင်း၊ အာဖရိကတိုက်၌ နေထိုင်ကြသော ကပလီလူမျိုးတို့၏ 
ကြောက်မက်ဖွယ်ကောင်းသော အဖြစ်သည်လည်းကောင်း၊ အာဖရိကတိုက်၌ရှိသော ကွန်ဂိုးလူမျိုးများကို 
“လိယိုပိုလ်” ဆိုသောရှင်ဘုရင်က ရက်စက်ကြမ်းကြုပ်စွာ ပြုလုပ်သည်လည်းကောင်း၊ ၎င်းတိုက်ရှိ ကိုလိုနီ၌ 
နေထိုင်ကြသော “ဟောတင်တော့” နှင့် “ကွတ်ရှမန်” လူမျိုးနှင့် အနောက်ပိုင်းနျင့် 
အရှေ့ပိုငးတွင်နေထိုင်ကြသော “ဇူလူး” နှင့် “ဘာဆူဆိုး” လူမျိုးများတို့သည် ဥရောပတိုက်သားတို့လက်ထဲ၌ 
ဒုက္ခများနှင့် တွေ့ဆုံရခြင်းသည်လည်းကောင်း၊ “ရိုဒေရှား” နိုင်ငံ၌ “မရှိုနတ်စ်” လူမျိုးများတို့အား 
အနိုင်အထက်ပြုလုပ်ခြင်းသည်လည်းကောင်း၊ ထိုနောက်တဖန် အခြားသော တိုင်းနိုင်ငံများတို့၌ 
ဥရောပတိုက်သားများတို့သည် နေရာထိုင်ခင်းများသည် ဦးပဉ္ဖင်တို့လို လူမျိုးတို့ကို ညစ်ညမ်းစွာ 
အရှက်အကြောက်မရှိဘဲလျက် နှိပ်စက်အနိုင်အထက်အတင်းအဓမ္မ ပြုလုပ်ကြခြင်းသည်လည်းကောင်း၊ 
ဤအရာများအားလုံးကို ဦးပဉ္ဖင်းကသိသဖြင့် ဤမကောင်းသောအသတင်းကိုကြားရကတည်းက 
စိတ်ဒုက္ခများစွာတို့ကို ခံစား၍ ဦးပဉ္ဖင်းတို့တိုင်းပြည်ကို လွတ်လပ်ရေးရလေအောင် ကောင်းကောင်းကြီး 
ဆူပူပေးရတော့မည်ဖြစ်၏။

“ဒိုင်” နှင့် “တုံး” ခွါပြဲပြီးသည်နောက်

၁၂၈၄-ခုနောက်ပိုင်းတွင် ဗမာနိုင်ငံရေးမှာ ကောင်စီဝင်သူများဖက်နှင့် မဝင်သူများဖတ် 
အကြီးအကျယ်ကွဲကြသလို အမျိုးသားပညာရေးဟူ၍ ကောလိပ်သပိတ်မှစတင်ပေါက်လာသော 
ပညာရေးသည်လည်း ကွဲပြားကြတော့သည်။

အမျိုးသားပညာရေးတွင် ဦးမောင်ကြီး (အမ်အေ)က 
ပညာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရာ (ဒိုင်) ကောင်စီပထမအပတ်တွင် ရန်ကုန်အရှေ့ပိုင်း 
ဘိုတထောင်နယ်မှ ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဂျေ၊ အေမောင်ကြီးမှာ 
ပထမဆုံးသစ်တောရေးဝန်ကြီးအဖြစ် ခန့်ထားခံရပြီးလျှင် အနောက်ပိုင်မှ ရွေးကောက်ခြင်းခံရသော အမ်၊ 
အေမောင်ကြီးက ပညာရေး ဝန်ကြီးအဖြစ် ခန့်ထားခဲရ၏။

ဒိုင်အာခီကို တိုင်းပြည်က လက်မခံဆိုသည့် 
ကိစ္စတွင် မဲပေးနိုင်သူဦးရေ (၁၀၀) တွင် (၇) ဦးသာ မဲပေးကြသည်ကိုကြည့်၍ ဝေဖန်လျှက်ရှိကြ၏။ 

၂၁-ဦးတို့ကမူကား ကျေနပ်၍ လက်ခံနေကြသူများ မဟုတ်ဟု ထုတ်ဖော်ကြ၏။ 

ကောင်စီဖယင်သော 
သူတို့ကလည်း အတွင်းလမ်းမှ တတ်နိုင်သမျှပင် တိုင်းပြည်အကျိုးကို သယ်ပိုးကြရာ စရိတ်ရန်ပုံငွေ 
မလုံးလောက်နှင့်သင်ကြားနေရသော အမျိုးသားပညာရေးအတွက် အခက်အခဲတွေ့နေရစဉ်တွင် 
၂၁-ဦးအမတ်နှင့် ပညာရေးဝန်ကြီး ဦးမောင်ကြီး (အမ်အေ) တို့က ဆောင်ရွက်၍ 
အမျိုးသားကျောင်းများအတွက် အစိုးရက ထောက်ပံ့ကြေးပေးမည်ဟူသော 
ကြော်ငြာချက်ထွက်လာပြီးနောက် အမျိုးသားကျောင်းများတွင် ကော်မတီများကို စနစ်တကျဖွဲ့ စည်းပြီးလျှင် 
 အထောက်အပံ့ကို လက်ခံမည့် ဘက်နှင့် လက်မခံမည်ဘက် နှစ်ဌာနကွဲပြားပြီး နောက်ဆုံးတွင် 
လက်မခံသည်ဘက်မှ တာရှည်မခံနိုင်ဘဲ ပျက်တော့သည်။ 

ထိုထောက်ပံ့ကြေးပေးသော အရေးကိစ္စတွင် 
အစိုးရပြည်ထဲရေးဌာနဝန်ကြီး ဆာဦးခင် (တသီးပုဂ္ဂလ) နှင့် သစ်တောရေးဝန်ကြီး ဂျေ၊ အေ၊ 
မောင်ကြီးတို့ကပါ အထူးထောက်ခံအားပေးကြသည်ဟု အခိုင်အမာသိရလေသည်။